မြန်မာအစိုးရနှင့် နိုင်ငံရေးစကားမှ ပါဠိ သက္ကတသက် ဝေါဟာရများ

ဒေါက်တာလှဘေ (ရေး) / မောင်သာနိုး (မြန်မာပြန်)

(အတွေးအမြင် စာစဉ် ၁၈၀ ၂၀၀၆ ခုနှစ်)

(၁၉၆၈ ခုနှစ်၊ မေလ အရှေ့တိုင်းနဲ့ အာဖရိကပညာရပ်များကျောင်း၊ အစိုးရဝေါဟာရဗေဒ စာတမ်းဖွတ်ပွဲများမှာ တင်သွင်းခဲ့သည့် စာတမ်း)

မြန်မာအစိုးရနဲ့ နိုင်ငံရေးစကားမှာ ပါဠိနဲ့ သက္ကတသက် ဝေါဟာရတွေကို ခေတ်သုံးခေတ်ပိုင်းတာ သင့်လျှော်မယ်

၁။        ဘုရင်စနစ်ခေတ် (၁၀၄၄-၁၈၈၆)

၂။        ပထမ ဘုရင်စနစ်နောက်ခေတ် (၁၈၈၆-၁၉၆၂)

၃။        ဒုတိယ ဘုရင်စနစ်နောက်ခေတ် (၁၉၆၂ က ခုထိ)

        ဘုရင်စနစ်ခေတ်ကတော့ ပဠိဟာ ပညာရှင်တွေ၊ စာရေးဆရာတွေအဖို ဒုတိယဘာသာစကားဖြစ်ခဲ့တယ်။ ပါဠိဟာ ခရစ်နှစ် ၁၀ စု တစ်ချိန်ချိန်က မြန်မာပြည်ထဲ ရောက်လာတဲ့ တောင်ပိုင်းဗုဒ္ဓဘာသာ ကျမ်းဂန်တွေရဲ့ ဘာသာစကားဖြစ်တယ်။ ဒီသာသနာကို သက်မြန်မာသက်ဦးဆံပိုင် ဘုရင်တွေက အားပေးကြပြီး ဗုဒ္ဓရဟန်းတော်တွေက အရေးအသားနဲ့ အဓိက ဖြန့်ဖြူးခဲ့ကြတယ်။ ပညတ်အသစ်တွေကို ဘာသာပြန်ခြင်း၊ ဆီလျှော်အောင်ပြုခြင်း၊ ပါဠိစကားလုံးတွေ စကားစုတွေ ယူသုံးခြင်းနဲ့ မြန်မာစကားထဲ ထည့်သွင်းခဲ့ကြတယ်။

        စကားလုံးသစ် တိုးပွားမှုမှာ သက္ကတရဲ့ ပါဝင်မှုက အဓိကအားဖြင့် ဗေဒင်၊ နက္ခတ်၊ ဆေးစတဲ့ ဘာသာရပ်မျိုးမှာပဲ ဖြစ်တယ်။ ဒါကြောင့် မြန်မာစကားမှာ သက္ကနဲ့စာရင် ပါဠိသက်တွေက ပိုကဲနေတယ်။

        ပထမ ဘုရင်စနစ်နောက်ခေတ်အတွင်း မြန်မာအများပဲ ၁၈၈၆-၁၉၄၈ ဗြိတိသျှ အုပ်ချုပ်ရေးကာလမှာ အင်္ဂလိပ်စကား သင်ကြားမှုကို အလေးအနက်လုပ်လာကြတယ်။ အကြောင်းက ရှင်းပါတယ်။ အများအပြား နိုင်ငံရေးလုပ်လာကြတယ်။ အစိုးရနဲ့ နိုင်ငံရေးနယ်ပယ်က ပညတ်တွေကို အရင်က ပါဠိနဲ့ သက္ကတဆီက ချေးငှားခဲ့ကြသလို အင်္ဂလိပ်ဆီက ချေးငှားကြရ တော့တယ်။ ဒါပေမဲ့ အစဉ်အလာဆိုတာ ပျက်ပျောက်ခဲတယ်။ အင်္ဂလိပ်စကားလုံး၊ စကားလုံးစု၊ ဝေါဟာရတွေကို ဘာသာပြန်ရာ၊ ပါဠိလို အနည်းအကျဉ်း၊ သက္ကတလို ရှိပြီး စကားလုံးတွေ၊ အသစ်စကားလုံးတွေ သုံးပြီး ပြန်လိုက်ကြတော့တယ်။

        စစ်အစိုးရရဲ့ ကနေ့ခေတ်မှာတော့ တော်လှန်ရေးအစိုးရက ပဒေသရာဇ်ဆန်တယ် ယူဆတဲ့ အလေ့ အများအပြားကို ဖျက်သိမ်းခဲ့ပြီ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကလွဲလို့ နိုင်ငံရေးပါတီတွေကို ပိတ်ပင်ထားပြီ။ ဒါပေမဲ့ စကားလုံးသစ်ထွင်တဲ့ အစဉ်အလာကတော့ ထိန်းထားဆဲပဲ။

        အောက်ပါ ဆင်းသက်ပုဒ်စာရင်းက ကျုပ်ပြောနေတာကို ရှင်းပြပါလိမ့်မယ်။ ဒီစာရင်းကို အပိုင်းလေးပိုင်းခွဲထားတယ်။

ဘုရင်စနစ်ခေတ်အတွင်း ရခဲ့တဲ့ ဆင်းသက်ပုဒ်များ

        ဘယ်ဆင်းသက်ပုဒ်တွေကို ဒုတိယနဲ့ တတိယခေတ်တွေမှာ ဆက်ထိန်းသိမ်းတယ်။ အဓိပ္ပါယ်ပြောင်းခဲ့ တယ် မပြောင်းဘူး ပြထားပါတယ်။ အပိုဒ်ခွဲ ခြောက်ပိုင်းရှိတယ်။ အုပ်စိုးသူများ၊ ဘွဲ့များ၊ ၀ိသေသနများ၊ တာဝန်များ၊ အရည်အသွေးများ၊ အစိုးရကိရိယာများ၊ စာများဖြစ်ပါတယ်။

အုပ်စိုးသူများ        ။ အုပ်စိုးသူများနဲ့ပတ်သက်တဲ့ ဆင်းသက်ပုဒ်တွေအနက် ဧကရာဇ်  ကတော့ မြန်မာဘုရင်စနစ်နဲ့အတူ ပါသွားပြီ။ ပဒေသရာဇ်  ကတော့ နောက်ခေတ်ထိပါလာပြီး ရှမ်းပြည်နယ် အကြီးအကဲများနဲ့ မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဘောင်အတွင်းသုံးတယ်။ အခုအချိန်မှာတော့ ပဒေသရာဇ်စနစ်အတွက် မလိုတမာသဘောသုံးတယ်။

ဘွဲ့များ        ။        ။ ဘွဲ့မည်ရည်အားလုံးကို ၁၉၄၈-၆၂ အရပ်သား အုပ်စိုးမှု ကာလအတွင်း ထိန်းသိမ်းခဲ့ပါတယ်။ သူတို့ချည်း ဖြစ်ဖြစ်၊ အခြားအသုံးနဲ့ တွဲလို့ဖြစ်ဖြစ် နိုင်ငံရေး ဆုလာဘ်အနေနဲ့ လူတွေကို အပ်နှင်းကြတယ်။

ဝိသေသနများ ။                ။ ၀ိသေသနတွေမှာ စိတ်ဝင်စားစရာ သမိုင်းတွေ ရှိကြတယ်။ အဓိပတိ  ဘွဲကို ၁၉၄၂ နဲ့ ၁၉၄၅ မြန်မာပြည်ကို ဂျပန်သိမ်းထားစဉ်က ပြန်သုံးလာတယ်။ အဲ့ဒီတုန်းက နိုင်ငံအကြီးအကဲ ဒေါက်တာဘမော်က ဒီဘွဲ့ ခံယူခဲ့တယ်။ နာယက ကတော့ နည်းနည်း အဆင့်လျှောသွားတယ်။ အဲ့ဒီတုန်းကရော အခုအထိပါ အသင်းကိုချီးပင့်သူ အဓိပ္ပာယ်နဲ့ သုံးတယ်။ သမ္မတ ကို ၁၉၂၀ နှစ်များက နိုင်ငံရေးအဖွဲ့ကြီးတစ်ဖွဲ့ ခေါင်းဆောင် ဦးချစ်လှိုင်ကို ဂုဏ်ပြုဖို့ ပြန်လည်ဖော်ထုတ်လာ ကြတယ်။ နောက်မသုံးဘဲ ရှိခဲ့ရာက နိုင်ငံအကြီးအကဲကို ၁၉၄၈-၆၂ မှာ သမ္မတ ခေါ်လာကြတယ်။ ဒုတိယခေတ်မှာ ဥက္ကဌ ဘွဲ့က ဥပဒေပြု လွှတ်တော် သဘာပတိအတွက် တရားဝင်အခေါ်၊ ၁၉၄၈ နဲ့ ၁၉၆၂ အတွင်း လွှတ်တော်သဘာဝပတိ တရားဝင် အခေါ်ဖြစ်တယ်။ တရားဝင်ဘုတ်အဖွဲ့များ၊ တရားမ၀င်အဖွဲ့များရဲ့ သဘာပတိအတွက် အခေါ်လည်း ဖြစ်တယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ဒီဝေါဟာရဟာ အဆင့်မြင့်မားသွားတယ်။ နိုင်ငံအကြီးအကဲကလည်း ဥက္ကဌ၊ တော်လှန်ရေး ကောင်စီအတွင်း အတန်အသင့်အာဏရှိတဲ့ တရားဝင် ဘုတ်အဖွဲ့တိုင်းရဲ့ သဘာပတိကလည်း ဥက္ကဌပဲ။ တရားဝင်မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ သဘာပတိရဲ့ အဆင့်အတန်းကတော့ မပြောင်းမလဲပါပဲ။

တာဝန်များ။        တာဝန်ခံတွေနဲ့ ပတ်သက်လို့ ဥပဒေပြုလွှတ်တော်အဖွဲ့ဝင် အဓိပ္ပာယ်နဲ့ အမတ်ဝေါဟာရဟာ နှစ်လေးဆယ်လောက်ခံတယ်။ မြန်မာစကားလုံးတွေနဲ့ သမုာသ်ပြု သုံးလေ့ရှိတယ်။ ဒါကြောင့် နောက်နောင် ထပ်ပြောဦးမယ်။

အရည်အသွေးများ။        ။ အရည်အသွေး၊ အာဏာ နဲ့ ပတ်သက်လို့ နောက်ခေတ်နှစ်ခေတ်မှာ စကားလုံးသစ်တွေ အများကြီး ထွင်ဖြစ်ကြတယ်။ ဒါတွေကို နောက်ဆက်တွဲမှာ ပေးထားတယ်။

အစိုးရကိရိယာများ၊ စာများ။                ။ အစိုးရကိရိယာများ စာများနဲ့ပတ်သက်လို့ကတော့ ဌာန နဲ့  ဥပဒေ  ဆင်းသက်ပုဒ် နှစ်ခုကိုပဲ အကျဉ်းဆွေးနွေးလိုတယ်။ အစိုးရဌာန အဓိပ္ပာယ်နဲ့ ဌာန ကို ဘုရင်ခေတ်ကနေ ကနေ့ခေတ်အထိ သုံးလာခဲ့ကြတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေက နည်းနည်းလေး အဓိပ္ပာယ် ပြောင်းပြီး သုံးတယ်။ ၁၉၃၅ မြန်မာပြည် အစိုးရ အက်ဥပဒေအရ ဌာန လို့ ညွှန်းတဲ့အကြောင်းအရာ ၉၉ ခု ရှိပြီး အဲ့ဒီထဲက ၉၁ ဌာနကို ၀န်ကြီးတွေ လက်အောက်ကျတာ ဘုရင်ခံရဲ့ အထူးတာဝန်၊ ဒါမှမဟုတ် သီးသန့်အကြောင်းအရာဖြစ်တယ်။ ဆင်းသက်ပုဒ်မ ဥပဒေ ကတော့ တရားစီရင်ရေးနဲ့ စပ်လျဉ်းတဲ့ ဝေါဟာရတီထွင်ရာ ပါရတယ်။

ပထမဘုရင်စနစ်နောက်ခေတ်အတွင်း စခဲ့တဲ့ ဆင်းသက်ပုဒ်များ

        ဒါတွေက အဓိကကတော့ မဲဆန္ဒ၊ လွှတ်တော် သဘာပတိ၊ သမဂ္ဂ၊ အယူ၊ ပေါ်လစီ၊ အမျိုးသားရေး (၀ါ) မျိုးချစ်စိတ် တို့လို နိုင်ငံရေးနဲ့ဆိုင်တဲ့ စကားလုံးတွေဖြစ်ကြတယ်။ ဒါပေမဲ့ သဘာပတိနဲ့ ၀ံသာနု ဆင်းသက်ပုဒ် နှစ်လုံးကို တိုတိုမှတ်ချက် ချလိုတယ်။ ဥက္ကဌ  နဲ့ မတူ၊ သဘာပတိဟာ ဂုဏ်ထူးဆောင် သဘောဖြစ်တယ်။ ၀ံသာနု ဟာ ၁၉၂၀ များက ခေတ်အစားဆုံး စကားလုံးပဲ။ ၁၉၃၀ တွေရဲ့ အလယ်မှာတော့ ခေတ်မှိန်သွားတယ်။

ဒုတိယ ဘုရင်စနစ်နောက်ခေတ်အတွင်း စတဲ့ ဆင်းသက်ပုဒ်များ

        ဒါတွေက သိပ်မများဘူး။ သုံးခုပဲပေးထားတယ်။ တော်လှန်ရေးကော်စီက သူကိုယ်ပိုင် ပါတီထောင်ပြီး သက္ကတသက် အမြုတေ ကို (ညူကလိယာစ်) ၀ါ (ကာဒါ) အတွက် သုံးလိုက်တယ်။ အည မည  ဝေါဟာရဟာ အရင်က ပညာတတ် မြန်မာတွေမှ ရင်းနှီးတာ။ အခုတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကြေညာစာတမ်းကြောင့် အသုံးများလွန်းတဲ့ စကားစု ဖြစ်လာနေပြီ။ ၀ိသေသ လက္ခဏာ ဆိုတာကတော့ ပါတီကနေပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်ဒီမိုကရက်ဝါဒတို့ ခြားနားပုံရှင်းပြတဲ့ စာအုပ်ငယ်ကလေးအမည် အစိတ်အပိုင်းပါ။

နောက်ဆက်တွဲ

        ဒီမှာ ကျုပ် မူလရည်ရွယ်ချက်က ကပြား သမာသ်ပုဒ်တွေအဖြစ် ဆင်းသက်ပုဒ် အများအပြားရှိကြောင်း ပြဖို့၊ စောစောက ပြောထားပြီးသားကို ဖြည့်စွက်ဖို့ ဖြစ်တယ်။ ဒီဆင်းသက်ပုဒ် အသီးသီးအောက်မှာ ကပြားစကားလုံးရဲ့ အဓိကဘာသာ စကားကို ပြထားပါတယ်။

        အမတ် စကားလုံးရဲ့ ၀ိသေသနက ဗြိတိသျှလက်ထက်က အမတ်လား၊ အရပ်သား အစိုးရလက်လား ပြတဲ့။ ဥပမာ မင်းတိုင်ပင် ဆိုတဲ့ ၀ိသေသနဟာ အရပ်သားအစိုးရခေတ်ဆိုရင် အဆီအငေါ်မတည့်ပေဘူး။ ဗြိတိသျှအုပ်ချုပ်ရေး ခေတ်ကလည်း ပါလီမန် မရှိချေဘူး။

        အာဏာ အောက်မှာ အာဏာပိုင် က သူ့ဘာသာ ရှင်းနေတယ်။ အာဏာလုတယ်ဆိုတာက ဥပဒေပြုလွှတ်တော်မှာ အစိုးရကို ဖြုတ်ချဖို့ အတိုက်အခံပါတီ ကြိုးပမ်းမှုကို ဖော်ပြရာမှာ သုံးတယ်။ အင်္ဂလိပ်စကား Dictator ကို ဘာသာပြန် ထားတဲ့ အာဏာရှင် ကတော့ ဂျပန်သိမ်းပိုက်စဉ်အတွင်း ဒေါက်တာဘမော် ခံယူခဲ့တဲ့ ဘွဲ့တွေထဲက တခုဖြစ်တယ်။ အာဏာသိမ်း တယ်ကတော့ ၁၉၆၂ က စစ်တပ်ကူပေးတာကို ယဉ်ယဉ်ကျေးကျေး ခေါ်တာဖြစ်တယ်။ ဆင်းသက်ပုဒ် ဆန္ဒကို မြန်မာစကား  မဲ နဲ့တွဲပြီး မဲဆန္ဒ ရယ်လို့ တွေ့ရတယ်။ မဲ ကိုယ်တိုင်က မဲပေးရာမှာ၊ ရဟန်းတွေကို ဆွမ်းလှူရာမှာ သုံးတဲ့ တုတ်တံလေးတွေ ပါဝင်တဲ့လက်မှတ် အဓိပ္ပာယ်ရတဲ့ ပါဠိ စကားလုံး (သလာကာ) ကို ဘာသာပြန်ထားတာဖြစ်တယ်။ မဲဆန္ဒရှင် ဝေါဟာရက သူ့မဲ ရဲ့ အရှင်သခင်ပဲ။ ဆန္ဒ လည်း မြန်မာမှာ ဆန္ဒပြ ဘာညာနဲ့ ဖန်တရာတေနေတဲ့ စကားလုံး ဖြစ်နေကြောင်း ပြောချင်တယ်။

        ဂိုဏ် နဲ့ ဂဏ ဟာ ထုံးစံက ဘာသာရေးအစုများနဲ့ စပ်နွှယ်နေပါတယ်။ နိုင်ငံရေးစကားမှာတော့ ကပြားသမသ်ပုဒ်များ အဖြစ် သုံးလေ့ရှိကြတယ်။ ဂိုဏ် ဂဏ ပါတီ အဖွဲ့ တဲ့၊ ခမ်းနားကြီးကျယ်တဲ့ သဘောသက်ရောက်အောင်ပလေ။

        မြန်မာစကား စနစ် နဲ့ သမာမ်ပြုထားတဲ့ ပဒေသရာဇ် ဟာ လက်ဝဲ နိုင်ငံရေးသမားတွေ သည်းခြေခိုက် စကားစုဖြစ်တယ်။

        သမဂ္ဂ ဟာ ဘာသာရေးနံ့၊ အများအားဖြင့် ရဟန်း သံဃာအဖွဲ့ ရနံ့ပါတဲ့ နောက်စကားတစ်လုံးဖြစ်တယ်။ နိုင်ငံရေး အသုံးမှာတော့ ညီညွတ်တဲ့ အဖွဲ့လို့ ဆိုလိုရိပ်ရှိတယ်။

        ဥပဒေပြု ထဲက ဥပဒေ ကို အထူးပြောစရာ မရှိပါဘူး။

        ၀ါဒ စကားလုံးက မူလက (တရား)၊ (ယုံကြည်ချက်)၊ (ဂိုဏ်) အဓိပ္ပါယ်ထွက်ပါတယ်။ နိုင်ငံရေးမှာ ism တို့၊ ပါတီ ပေါ်လစီတိုနဲ့ အတူတူဖြစ်လာတယ်။

        နောက်ဆုံး ဆင်းသက်ပုဒ် ၀ံသာနု ဟာ ၁၉၂၀ နှစ်များက လူတိုင်းပါးစပ်ဖျားက စကားလုံး ဖြစ်လာခဲ့တယ်။ နိုင်ငံရေး သမားတွေက သူ့ကိုရော၊ ၀ံသာနု ရက္ခိတတရား စကားလုံးစုကိုရော တော်တော် အာပေါင်အာရင်း သန်ခဲ့ကြတယ်။ ဒီလေ့လာ ချက်တို့ကို နိုဂုံးချုပ်ဖို့၊ မြန်မာအစိုးရနဲ့ နိုင်ငံရေးဘာသာစကားမှာ ဒီဆင်းသက်ပုဒ်တွေ ရှိနေရခြင်း အကြောင်းအချို့ကို တင်ပြလိုပါတယ်။

        ပထမအကြောင်းကတော့ အာဏာ နဲ့ ဥပဒေ လို ပညတ်သစ်တွေအတွက်တူညီတဲ့ မြန်မာစကားရှာဖို့ ခက်ခဲတာပါပဲ။ ဒါပေမဲ့ မြန်မာတူညီ စကားတွေနဲ့ ဘေးချင်းယှဉ်ကာ ဆင်းသက်ပုဒ်တွေ ခေတ်စားနေတာ၊ မြန်မာလို ဘာသာပြန်လို့တောင် ရနိုင်တာတွေလည်း ရှိပါတယ်။ ဒီလိုဖြစ်ရတာကတော့ အောက်ပါအကြောင်းတို့ကြောင့် ထင်မိတယ်။

        ၁။        တချို့ ဆင်းသက်ပုဒ်တွေက နောက်မှာ ရှည်လျားတဲ့ ယဉ်ကျေးမှု သမိုင်းကြောင်း ရှိတယ်။

ဒီတော့ ရှေးကျဟန်၊ အဆင့်မြင့်ဟန် ပါလာတယ်။ ဥပမာ မတ်၊ သမ္မတ

၂။        တချို့ဆင်းသက်ပုဒ်တွေက ကြီးကျယ်ခမ်းနားတဲ့ လေပါတယ်။ ဒီတော့ နိုင်ငံရေးသမားတွေကြိုက်တယ်။

        သူတို့လက်နက်က စကားကို။ ဥပမာ မြန်မာလို မျိုးချစ် ထက် ၀ံသာနု သုံးတာက ပိုခန့်ညားကာ

မျိုးချစ်တရား ထက် ၀ံသာနုရက္ခိတ က ပိုကောင်းတာပါ့လေ။

၃။        တချို့ဆင်းသက်ပုဒ်တွေဟာ န၀ပဒ ဖန်ဆင်းသူတွေရဲ့ ထူးခြားစိတ်ကူးစိတ်သန်းတွေရဲ့ သားဖြစ်တယ်။

        ဥပမာ တခုထုတ်ပြရရင် အမြုတေ ။ တော်လှန်ရေးအစိုးရရဲ့ တွေးခေါ်မြော်မြင်ရေးကို ပြုစုနေသူက

ထွင်လိုက်တာလို့ ကျုပ်ယုံတယ်။ သူဟာ သက္ကတစကား ပညာရှင် ဖြစ်ပုံရတယ်။

(မဟုတ်ပါ မြန်မာစာ တတ်တစ်ဦးပါပဲ။ ဘာသာပြန်သူ)

မြန်မာစကားမှာ အစိုးရနဲ့ နိုင်ငံရေးဆိုင်ရာ ပါဠိ သက္ကတ ဆင်းသက်ပုဒ်များစာရင်း

မှတ်စရာ

၁။        မြန်မာ ချေးငှား စကားလုံးတွေကို မြန်မာမှာ သုံးတဲ့အတိုင်း ပေးထားတယ်။ နောက်မှာ မူလစကားကို လက်သည်းကွင်းနဲ့ ပေးထားတယ်။ (ပါ= ပါဠိ၊ သ=သက္ကတ) ၊ဒီနောက် မြန်မာမှာသုံးတဲ့ အဓိပ္ပါယ်။ မူလရုပ်နဲ့ အသုံးက မြန်မာနဲ့ မတူရင်၊ လက်သည်းကွင်းနဲ့ ပေးထားတယ်။

၂။        ( > )၁၈၈၆-၁၉၆၂ အချိန်ပိုင်းမှာ ခေတ်စကားတဲ့ စကားလုံး

၃။        ( >> ) ၁၉၆၂-၁၉၆၈ အချိန်ပိုင်းမှာ ခေတ်စား။ အဓိပ္ပါယ် ပြောင်းလဲမှု ဖြစ်ရာ ပြထားတယ်။

၎။        ဒီစာတမ်းမှာ ပြောပြခဲ့တဲ့ ကပြားမြန်မာစကားလုံးတွေ စကားစုတွေကို နောက် ဆက်ပေးထားတယ်။

(၁)

၁၀၄၄-၁၈၈၆ ဘုရင်စနစ်ခေတ်က သုံးတဲ့ ဆင်းသက်ပုဒ်များ

        (၁)         အုပ်စိုးသူများ - ဧကရာဇ် (ပါ) ဧကရာဇ

(တစ်ပါးတည်းမင်း ပဒေသရာဇ် ပါ ပဒေသရာဇ် ဒေသအုပ်စိုးသူ)

> ရှမ်းပြည်နယ် အကြီးအကဲ

>> အောက်အခန်း ၄ ပဒေသရာဇ် စနစ်ကြည့်

                ၂။        ဘွဲ့များ စည်သူ ၀ါ ဇေယျသူရ ရဲရင့်အောင်နိုင်သူ

                        > အထက်အတိုင်း (၁၉၄၈-၆၂)

                        > မဟာ (ပါ) ကြီးမြတ်

                        > အထက်အတိုင်း (၁၉၄၈-၆၂)

                        သရေ၊ သီရိ (ပါ) ကျက်သရေ၊ ခမ်းနားမှု၊ မင်္ဂလာ

                        > အထက်အတိုင်း (၁၉၄၈-၆၂)

                        သုဓမ္မ (ပါ) ကောင်းမြတ်တရား

                        > အထက်အတိုင်း  (၁၉၄၈-၆၂)

                ၃။        ၀ိသေသနများ အဓိပတိ (ပါ၊ သ) အုပ်စိုးသူ၊ သခင်

                        > အထက်အတိုင်း (၁၉၄၂-၄၅)

                        နာယက (ပါ) ခေါင်းဆောင်၊ လမ်းပြ၊ အရှင်

                        > ချီးပင့်သူ (အသင်းအပင်း စသည်)

                        >> အထက်အတိုင်း

                        သမ္မတ (ပါ) ရွေးကောက်ခေါင်းဆောင်၊ ရှေးပဝေသခေတ်ဘုရင်

                        > နိုင်ငံရေးအဖွဲ့ ဥက္ကဌ (၁၉၃၀ များ)

                        > နိုငံတော်အကြီးအကဲ (၁၉၄၈-၆၂)

                        ဥက္ကဌ (ပါ) မြင့်မြတ်၊ အကြီးအကဲ၊ သခင်

                        > ဥပဒေပြုအဖွဲ့ သဘာပတိ (၁၉၃၂-၄၈)

                        > လွှတ်တော်သဘာပတိ (၁၉၄၈-၆၂)

                        > တရားဝင်ဘုတ်အဖွဲ့၊ အသင်း ၊ လွှတ်တော်သဘာပတိ

                        >> တော်လှန်ရေးကောင်စီ သဘာပတိ တရားဝင်ဘုတ်အဖွဲ့၊ အသင်း၊ လွှတ်တော် သဘာပတိ

                ၄။        တာဝန်ခံ (အမတ်) (သ)  (သမာတျ) ဘုရင့်အဖော်၊ ၀န်

                        > ဥပဒေပြုအဖွဲ့ဝင် (၁၉၃၂-၄၈) အောက်အပိုက် (၄) မင်းတိုင်ပင်အမတ်၊ ဥပဒေပြုအမတ် ကြည့်

                ၅။        အရည်အသွေး (အာဏာ) (ပါ) လုပ်ချုပ်ခွင့်၊ တန်ခိုး

                        > အထက်အတိုင်း အောက်အပိုဒ် (၄) အာဏာသိမ်း ကြည့်

                ၆။        အစိုးရ ကိ၇ိယာများ၊ စာများ ဌာန (ပါ) နေရာ

                        > အထက်အတိုင်း (မြန်မာပြည်အစိုးရ အက်၊ ၁၉၃၅)

                        >> ဌာန

ဓမ္မသတ် (သ ဓရ်မ သျှတြ) ဥပဒေစာအုပ်၊ ကိုဓဥပဒေ

ရာဇသတ် (သရာဇသျှတြ) ဘုရင့်အမိန့်

> ပြစ်မှုဥပဒေ

ဥပဒေ (ပါ) ဥပဒေသ၊ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်း၊ အင်စတီကျု့

> အထက်အတိုင်း အောက်အပိုဒ် (၄) ဥပဒေပြုအဖွဲ့အမတ် ကြည့်

(၂)

၁၈၈၆-၁၉၄၈ ပထမဘုရင်စနစ် နောက်ခေတ်အတွင်း စသုံးခဲ့တဲ့ ဆင်းသက်ပုဒ်များ

        ၁။        ဆန္ဒ (ပါ) အလို၊ တောင့်တမှု၊ အောက်အပိုဒ် (၄) မဲဆန္ဒ၊ မဲဆန္ဒပေး၊ မဲဆန္ဒရှင် ကြည့်

        ၂။        ဂိုဏ်၊ ဂဏ (ပါ) အစု၊ အဖွဲ့၊ ပါတီ၊ အုပ်စု အောက်အပိုဒ် (၄) ဂိုဏ်၊ ဂဏ၊ ပါတီ၊ အဖွဲ့ ကြည့်

        ၃။        သဘာပတိ (သ) အစည်းအဝေးအရှင်၊ အစည်းအဝေး အကြီး

>> အထက်အတိုင်း

        ၄။        သမဂ္ဂ (ပါ) ညီညွတ်မှု၊ အောက်အပိုဒ် ၄ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ ကြည့်

>> အထက်အတိုင်း

၅။        ၀ါဒ (ပါ) သဘောတရား၊ အကြံပြုချက်၊ အယူ၊ မူ၊ Ism

အောက်အပိုဒ် ၄ ဓနရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ၀ါဒဖြန့် ကြည့်

၆။        ၀ံသာနု (ပါ) ၀ံသာနုရက္ခိတ အမျိုးစောင့်ခြင်း၊ မျိုးချစ်သူ၊ အောက်အပိုဒ် ၄ ၀ံသာနုရက္ခိတ ကြည့်

(၃)

၁၉၆၂-၆၈ ဒုတိယဘုရင်စနစ် နောက်ခေတ်အတွင်း စသုံးတဲ့ ဆင်းသက်ပုဒ်များ 

        ၁။        အမြုတေ (သ) အမရိတ = မသေခြင်း၊ မပျက်ခြင်း = ညူကလိယ၊ ကာဒါ

        ၂။        အညမည (ပါ) တစ်ဦးကို တစ်ဦး၊ အချင်းချင်း၊ အပြန်အလှန်) = ပြန်လှန်ပြုခြင်း၊

လူနဲ့ ပတ်ဝန်းကျင် ပြန်လှန်တရား တော်လှန်ရေးကောင်စီ ထုတ်ပြန်

၃။        ၀ိသေသန ခက္ခဏာ (ပါ) အထူးသဘာဝ၊

တော်လှန်ရေးကောင်စီ ထုတ် (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၀ိသေသ လက္ခဏာများ) ယှဉ်

(၄)

အောက်ဝေါဟာရအတွက် အက္ခရာဝလိ စဉ်ထားတယ်။ မြ = မြန်မာ ၊ အင်္ဂ = အင်္ဂလိပ်

        ၁။        အမတ် - ဥပဒေပြုအဖွဲ့အမတ် (ပါ၊ မြ၊ မြ၊ သ) ဥပဒေပြုအဖွဲ့မှာ ပါဝင်သူ (ဗြိတိသျှအုပ်ချုပ်မှု)

                ပါလီမန်အမတ် (အင်္ဂ၊ သ) ပါလီမန်အဖွဲ့ဝင် (၁၉၄၈-၆၂)

                မင်းတိုင်ပင်အမတ် (မြ၊ သ) အုပ်စိုးသူ တိုင်ပင်ဝန်၊ ဥပဒေပြုအဖွဲ့ဝင် (ဗြိတိသျှအုပ်ချုပ်)

        ၂။        အာဏာ-အာဏာပိုင် = အုပ်ချုပ်ခွင့်ရှိသူ၊ တန်ခိုးရှင် (ပါ၊ မြ)

                အာဏာရှင် = အုပ်ချုပ်ခွင့် သခင်(ပါ၊ မြ)

                အာဏာလု = အုပ်ချုပ်ခွင့် ၀ါ တန်ခိုးကိုလွှဲပြောင်း တာဝန်ယူ၊ ကူဒေးတာဆင်နွှဲ (ပါ၊ မြ) (၁၉၆၂)

        ၃။        ဆန္ဒ - မဲဆန္ဒ = ရွေးကောက်လိုမှု၊ မဲပေးမှု (ပါ ၊ မြ) မဲဆန္ဒ ပေး = မိမိဆန္ဒကို တင်ပြ (မြ၊ပါ၊ မြ)

                မဲဆန္ဒရှင် = မိမိဆန္ဒကို တင်ပြခွင့်ရှိသူ (မြ၊ ပါ၊ မြ)

        ၄။        ဂိုဏ်း၊ ဂဏ - ဂိုဏ်း၊ ဂဏ၊ ပါတီ၊ အဖွဲ့ = ပါတီ (ပါ၊ ပါ၊ အင်္ဂ၊ မြ)

        ၅။        ပဒေသရာဇ် - ပဒေသရာဇ်စနစ် = ကံကျွေးချ စနစ် (ပါ၊ မြ)

        ၆။        သမဂ္ဂ - အလုပ်သမားသမဂ္ဂ = အလုပ်သမားအဖွဲ့ (မြ၊ ပါ) လယ်သမားသမဂ္ဂ = လယ်သမားအဖွဲ့ (မြ၊ ပါ)

        ၇။        ဥပဒေ - ဥပဒေပြုအဖွဲ့ (အထက်အမတ်ကြည့်)

        ၈။        ၀ါဒ - ကွန်မြူနစ်ဝါဒ (အင်္ဂ၊ ပါ) ၊ ဆိုရှယ်လစ်ဝါဒ (အင်္ဂ၊ ပါ)၊

ဓနရှင်ဝါဒ = ဥစ္စာပိုင်သူ အယူ၊ အရင်းရှင်ဝါဒ (ပါ၊ မြ၊ ပါ)

ပါတီအဖွဲ့ဝါဒ = ပါတီရဲ့ ပေါ်လစီ (အင်္ဂ၊ မြ၊ ပါ)

ဝါဒဖြန့် = အယူအဆကို ဖြန့် (ပါ၊ မြ)

၉။        ၀ံသာနု - ၀ံသာနုရက္ခိတ တရား = အမျိုးစောင့်ရှောက်မှုတရား၊ အမျိုးသားရေး မျိုးချစ်စိတ် (ပါ၊ မြ)

စကားလုံးစု

အက္ခရာဝလီစီ                -        Alphabetical

ကပြား                        -        Hybrid

ကပြား သမာသ်ပုဒ်                -        Hybrid Compound

ကာဒါ (ကေဒါ)                -        Cadre

ခေတ်                        -        Period

ချေးငှားစကားလုံး                -        Loan-word

စကားလုံး                -        Word

စကားလုံးစု                -        1. Phrase , 2.Vocabulary

စကားလုံးသစ် န၀ပဒ        -        Neologism

ဆင်းသက်ပုဒ်                -        Derivative

တောင်ပိုင်း ဗုဒ္ဓဘာသာ        -        Southern Buddhism

ပညတ်                        -        Concept

ပုဒ်စု                        -        Phrase

ဘုရင်စနစ်                -        Monarchy

ဘုရင်စနစ်နောက်                -        Post Monarchic

ဝေါဟာရ                        -        Term

ဝေါဟာရဗေဒ                -        Terminology

သက္ကတ                        -        Sanskrit

သမသ်                        -        Compound